Wednesday 23 May 2012

စိတ်ရှည်ရှည်နဲ့ စောင့်တတ်တဲ့ကလေး


လှည်းတန်းကားမီးပွိုင့် မှာ မီးနီမိတိုင်း၊ မိတိုင်း မီးမီး နဲ့သူ့အမေ ပြသနာ ဖြစ်ရပါတယ်။ လေးနှစ်အရွယ် မီးမီးက ကားတန်းအရှည်ကြီးကို အကြာကြီးစောင့်နေရတာကို စိတ်မရှည်ပါဘူး။ နေကပူ၊လေကပူ နဲ့မို့ မီးမီး ဂျီ ကျချင်လာပါတယ်။ မီးမီးရဲ့ အမေကလည်း လှည်းတန်းမီးပွိုင့်က တော်တော်နဲ့ မီးမစိမ်းနိုင်လို့ စိတ်တို နေရတဲ့ ကြားထဲ မီးမီးကပါ တဂျီဂျီနဲ့ မို့ စိတ်မရှည်ချင်တော့ဘူး။ အော်မိငေါက်မိပါရော။ ကားမီးပွိုင့်ကြာကြာမိတိုင်း မှာဘဲ မီးမီးနဲ့သူ့အမေဟာ ပြဿနာ ဖြစ်ရပါတော့တယ်။
          မီးမီးအမေက ကျွန်မကို ပြောပါတယ်။ သူ့သမီးဟာ ဘာကို ပဲ ဖြစ်ဖြစ် သိပ်မစောင့်ဆိုင်းချင်တတ်ဘူး။ စောင့်ရပြီဆိုတာ နဲ့ လူကြီးတွေ စိတ်ပျက်စိတ်ကုန်လာအောင် ဂျီကျဂျစ်တိုက်တော့တာပဲတဲ့။ မုန့်ဆိုလည်း အခု ချက်ချင်းရမှ..အရုပ်ဆိုလည်း ချက်ချင်းဝယ်ပေးမှ..အငိုတိတ်တော့လို့ဆိုပါတယ်။ မီးမီး ဂျီကျတဲ့ ဒဏ်ကို မခံနိုင်တာမို့ မစောင့်ရအောင် အားလုံးလုပ်ပေးပေမယ့် မီးပွိုင့်မှာ မီးနီနေတာမျိုးကတော့ လုပ်ပေးလို့ မရတဲ့ အရာမို့ မီးမီးနဲ့သူ ပြဿနာ အမြဲဖြစ်ရတယ်လို့ ဆိုပါတယ်။
          တကယ်တော့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းရခြင်း ဆိုတဲ့အရာဟာ လူထဲသူထဲမှာ နေနေရသူ လူများ အတွက် အင်မတန်မှ အရေးကြီးလှတဲ့ အရာတစ်ခုပါပဲ။ အဲဒီ့စိတ်ရှည်ခြင်း ဆိုတဲ့ အရာက မွေးကတည်း ကပါလာတဲ့ အရာမဟုတ်ပါဘူး ။ ကျွန်မတို့လေ့ကျင့်ယူကြရမယ့် အရာပဲဖြစ်ပါတယ်။
          မီးမီးလို ကလေးမှသာ မဟုတ်ပါဘူး။ ကျွန်မတို့လူကြီးတွေလည်း စောင့်ရဆိုင်းရ တာကို စိတ်မရှည်ချင် တတ်ကြပါဘူး။ ကလေးလို ထုတ်ပြောလို့ မရလို့သာ ငြိမ်နေရတာမဟုတ်လား။  စောင့်ဆိုင်းစိတ်ရှည်ခြင်း ဆိုတဲ့ စွမ်းရည်ဟာ လူ့အသိုင်းဝိုင်းအတွက် အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါပဲ။ အဲဒီ့စွမ်းရည်ဖွံ့ဖြိုး လာစေဖို့အတွက် ကလေးတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။
          စိတ်ရှည်၊သီးခံခြင်း၊စောင့်ဆိုင်းတတ်ခြင်း ဆိုတဲ့ စွမ်းရည်လေး ကလေးတို့ဆီမှာ အကျင့်ကောင်းတစ်ခု အနေနဲ့ ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အရာကတော့ ကလေးတို့ရဲ့ပတ်ဝန်းကျင်ပါပဲ။ အထူးသဖြင့် တော့ မိဘပါ။ မေတ္တာစိတ်ကလေး နဲ့ ဘာကို မဆို အကောင်းဘက်က ကြည့်တတ်ပြီးတော့ ခွင့်လွှတ်နားလည် ပေးတဲ့ ပါတ်ဝန်းကျင်မှာ ကြီးထွားခွင့်ရတဲ့ ကလေးများဟာ စိတ်ရှည်သီးခံစောင့်ဆိုင်းတတ်ကြတယ်လို့ ဆိုပါတယ်။
          တစ်ခါတလေမှာ ကိုယ်တိုင် ပြင်ဆင်ပြောင်းလဲ ပြစ်လို့ မရတဲ့ အခြေနေဆိုမျိုးတွေနဲ့ ကျွန်မတို့ တွေ ကြုံတွေ့တတ်ကြပါတယ်။အဲလို အခြေနေဆိုတွေကြုံရတဲ့ အခါမှာ စိတ်ပျက်ဝမ်းနည်း အပြစ်တင်နေမယ့် အစား စိတ်ပျက်စရာတွေကြားထဲက အကောင်းကို ရှာဖွေပြီးတော့ ကျော်ဖြတ်ကြရပါမယ်။
          ဥပမာ..ကလေးက ကျောင်းမှာကစားရင်း၊ဆော့၇င်း နဲ့ ချော်လဲပြီးတော့ လက်ကျိုးလာတယ် ဆိုပါတော့။ အင်မတန်ဆော့ကစားတဲ့ ကလေးဟာ အိပ်ရာထဲမှာ ငြိမ်ငြိမ်တစ်ပတ်နေရမယ် ဆိုတော့ စိတ်ပျက် တော့တာပါပဲ။ သူငယ်ချင်းတွေနဲ့ မတွေ့ရလို့ ဂျီကျချင် နေတဲ့ကလေးကို အမေက ပျော်အောင်လို့ အုန်းနို့ခေါက်ဆွဲလေး ချက်ပြီးတော့ ကလေးရဲ့သူငယ်ချင်းတွေကို ဖိတ်ကျွေးပါတယ်။ ပြီးတော့ ပုံပြောတမ်းကစားကြ၊ အခွေတွေအတူတူကြည့်ကြ၊စကားတွေပြောကြနဲ့ လက်ကျိုးတဲ့ကလေးလည်း ပျော်၊ အားလုံးပျော်ကြတော့တာပေါ့။ ကလေးဟာ လက်ပြန်ကောင်းသွားလို့ တော်တော်ကြာတဲ့အထိ သူလက်ကျိုးတုံးက အိမ်မှာသူငယ်ချင်းတွေနဲ့ အတူတူ တပျော်တပါး အုန်းနို့ခေါက်ဆွဲစားကြတဲ့ ကိစ္စကို ပြောလို့ မဆုံးတော့ပါဘူး။ ဒါဟာ  စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ တွေဖြစ်နေရင်တောင်မှ အဆိုးထဲက အကောင်းကို ရှာပြီးတော့ ဘ၀မှာ နေပျော်အောင်လို့ ဖန်တီးယူလို့ရတယ် ဆိုတာကို ကလေးကို လက်တွေ့သင်ကြားပေးလိုက်တာပါပဲ။ ပျင်းစရာကောင်းတဲ့၊စိတ်မရှည်ချင်စရာကောင်းတဲ့ စိတ်ပျက်စ၇ာ အချိန်တွေကို အကောင်းလေးတွေရှာပြီးတော့ အစားထိုးကျော်ဖြတ်လိုက်တာပါပဲ။
          ကလေးတွေဟာ မီးပွိုင့်မှာ၊ ဈေးဝယ်စင်တာတွေမှာ တန်းစီစောင့်ဆိုင်းရတာကို ပျင်းရိ ငြီးငွေ့တတ်ကြတယ်။ လူကြီးတွေလည်းပျင်းကြတာပါပဲ။ ဒါပေမယ့်လူကြီးကတော့ စောင့်ကိုစောင့်ရတော့ မယ်ဆိုတာသိတာမို့ကလေးတွေလို တော့မဟုတ်ဘူးပေါ့။ဒါတောင်မှ ကားတန်းကြီးပိတ်နေတာကို မြင်နေရဲ့ သားနဲ့တောင်မှ နောက်ကနေ တတီတီနဲ့ စိတ်မရှည်နိုင်စွာ ဟွန်းတီးနေတတ်တဲ့ လူမျိုးတွေကို ကျွန်မတို့ ဖြတ်သွားဖြတ်လာ တွေ့နေကြရဆဲပါ။ ဒီတော့ ကားပိတ်နေလို့ ကလေး ပျင်းပြီး ဂျီကျတာဟာ မဆန်းဘူး လို့ ဆိုရတော့မှာပဲ။  စောင့်ရလို့ ပျင်းပြီးတော့  ဂျီကျနေတဲ့ ကလေးကို အော်ငေါက်ဆူပူနေမယ့် အစား ကလေးမပျင်းအောင်လို့ စောင့်နေရတဲ့ အချိန်မှာ တစ်ခုခုလုပ်ခိုင်းလို့ရပါတယ်။ ဥပမာ-တန်းစီနေတဲ့ အချိန်မှာ လူတွေဘယ်နှစ်ယောက်ရှိလဲ ဆိုတာ ကလေးကို ရေတွတ်ခိုင်းတာမျိုး လုပ်ခိုင်းလို့ရသလို၊ ကားပေါ်မှာ မီးပွိုင့်မီနီမိတာကို စောင့်နေရတဲ့ အချိန်မျိုးမှာ ကလေးကို ပုံဆွဲခိုင်းထားတာ၊ ကလေး သီချင်းလေးတွေ နားထောင်ခိုင်းထားတာ စာအုပ်ထဲက အရုပ်တွေကို ကြည့်ခိုင်းထားတာမျိုးတွေလည်း လုပ်ပေးလို့ရပါတယ်။
          ကျွန်မငယ်ငယ်တုံးကဆို..ကျွန်မအမေဟာ အပြင်ထွက်ခါနီးတိုင်း ကျွန်မကို ကျွန်မအကြိုက်ဆုံး ကာတွန်းစာအုပ်တစ်အုပ်အုပ်ကို ဖတ်ဖို့ယူလာခိုင်းတတ်ပါတယ်။ အဲဒီ့အကျင့်ဟာ ကျွန်မအခုကြီးတဲ့ အချိန်ထိ ပါလာပြီးတော့ ဘယ်မှာပဲ ဘယ်သူ့ကိုပဲ စောင့်ရစောင့်ရ စာတစ်အုပ်နဲ့ အချိန်တွေကို ဖြတ်ကျော်ရတာမို့ သိပ်မပင်ပန်းတော့ပါဘူး။
          စောင့်ရတယ်ဆိုတာဟာ စိတ်ရှည်ရတဲ့အလုပ်မို့ သိပ်ပင်ပန်းကြောင်းကို စောင့်ဖူးသူတိုင်းသိကြပါတယ် ။ ကျွန်မရဲ့သားကလေး ဆို တစ်နေရာရာကို သွားမယ်လို့သူ့ကို ပြောထားမိရင် မသွားမချင်း တဂျီဂျီနဲ့ စိတ်လောနေတတ်တယ်။ စနေနေ့ ကစားကွင်းလိုက်ပို့မယ်ဆို စနေနေ့မရောက်မချင်း စနေ မရောက် သေးဘူးလားချည်းမေးနေတော့တာပဲ။ တစ်ခုခုကို လုပ်ဖို့သွားဖို့ ရှိရင်စိတ်လောနေတတ်တာ၊ အဲဒီ့ရက် မရောက်နိုင်အောင် ကြာလွန်းတယ်လို့ ထင်တတ်တာ လူကြီးနဲ့ကလေး တို့ အတူတူပါပဲ။ ကျွန်မကတော့ သွားမယ့်ရက်ကို ပြက္ခဒိန်မှာ အ၀ိုင်းဝိုင်းထားပြီးတော့ သားကို ကြည့်ခိုင်းထားတတ်ပါတယ်။ မနက်မိုးလင်းတာ နဲ့ တစ်ရက်နီးလာပြီ ဆိုပြီးတော့ ကြည့်ရတာကို က သူ့မှာ အလုပ်တစ်ခုလို ဖြစ်လို့။ ပြက္ခဒိန်က ရက်တွေကို ကြည့်ရင်းနဲ့ပဲ လူ့လောကမှာ တစ်စုံတစ်ခုကိုရောက်ဖို့၊ တစ်စုံတစ်ခုကို ရဖို့ အတွက် စောင့်ရတယ် ဆိုတဲ့အရာ ဆိုတာဟာ ရှိကြောင်း ကို သူနားလည်သွားပါတော့တယ်။
          နောက်ထပ် ကလေးတို့ စိတ်ရှည်ရှည်နဲ့ မစောင့်နိုင်တဲ့အရာတစ်ခုကတော့ စကားပြောတဲ့ အခါမှာပါ။ ကလေးတို့ဟာ..လူတစ်ယောက်စကားပြောတဲ့အခါမှာ လေးစားစွာနဲ့ ဆုံးအောင်နားထောင်ရမယ် ဆိုတဲ့ အရာကို နားမလည်သေးပါဘူး။အဲဒီတော့ ကလေးတို့ဟာ လူကြီးတွေစကားပြောလည်း ဖြတ်ပြောကြတာပါပဲ။ သူတို့သိချင်တာ မေးချင်တာရှိရင်လည်း လူကြီးက ဘယ်သူနဲ့ပဲစကားပြောနေပါစေ မေးချင်တာကို ရအောင်ကို မေးတော့တာပဲ။ ကျွန်မသားလေးဆို ကျွန်မမျက်နှာကို လက်နဲ့ပါဆွဲကိုင်လှဲ့ပြီးတော့ကို မေးတတ်ပါတယ်။ လူမှုရေးတွေ၊အားနာရကောင်းမှန်းဆိုတာတွေကို နားမှမလည်သေးတဲ့ အရွယ်ကိုး။
          တကယ်တော့ ကျွန်မတို့ လူကြီးတွေကိုယ်တိုင်တောင်မှ သေသေချာချာ တွေးကြည့်မယ်ဆိုရင် ကိုယ်စိတ်မ၀င်စားတဲ့ အကြောင်းရာကို လာပြောတဲ့အခါ လူမှုရေးအရ ခေါင်းသာငြိမ့်နေရပေမယ့် စိတ်ရှည်ရှည်နဲ့ နားမထောင်ချင်တတ်ကြဘူး မဟုတ်လား။ လူမှုအဖွဲ့စည်းမှာ တစ်ယောက်ပြောတာကို တစ်ယောက်လေးစားစွာ စိတ်ရှည်ရှည်နဲ့ နားထောင်ဖို့ ဆိုတာ သိပ်အရေးကြီးတဲ့ အရာပါ။ ကလေးတွေ သူများပြောတာကို စိတ်ရှည်ရှည်နဲ့ နားထောင်တတ်တဲ့ အကျင့်လေး ရလာစေဖို့ အတွက် ကျွန်မတို့ဟာ ကလေးပြောတဲ့ စိတ်ဝင်စားစရာလုံးဝမကောင်းတဲ့ ကလေးစကားတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေး ရပါလိမ့်မယ်။ ကလေးစကားပြောနေတဲ့ အချိန်မှာ ကလေးပြောနေတာပဲ  ဆိုပြီးတော့ ဖြတ်မပြောမိဖို့ အရေးကြီးပါတယ်။ ကလေးစကားပြောနေတာကို လူကြီးက လေးလေးစားစားနဲ့ သေသေချာချာ ဆုံးအောင်နားထောင်ပေးတာမို့ ကလေးဟာ လူအချင်းချင်း စကားပြောတဲ့ အခါမှာ သူများပြောတာကို စိတ်ရှည်ရှည်နဲ့ ဆုံးအောင် နားထောင်ပေးရမှာပါလား ဆိုတဲ့ အသိလေး ရလာတတ်ပါတယ်။
          တကယ်တော့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်း ရတယ် ဆိုတာဟာ အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည် တစ်ခုပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က နိုင်ငံခြားက ကလေးတွေကို သုတေသနလုပ်တဲ့ အကြောင်းလေး တစ်ခု ကို ကျွန်မreader digest ထဲမှာ ဖတ်ခဲ့ရဘူးပါတယ်။ ကလေးတွေကို သကြားလုံး တစ်လုံးစီပေးပြီးတော့ အခန်းထဲမှာထည့်ထားတယ်လို့ ဆိုပါတယ်။ ငါးမိနစ်အတွင်း အဲဒီ့သကြားလုံးကို မဖောက်စား ဘူး ဆိုရင် နောက်ထပ်သကြားလုံး တစ်လုံးထပ်ပေးမယ်။ ဖောက်စားမယ် ဆိုရင်တော့ မရဘူး လို့ ဆိုပါတယ်။ နောက်ထပ်သကြားလုံး တစ်လုံးထပ်ရအောင်လို့ ဖောက်မစားဘဲနဲ့ စိတ်ရှည်ရှည်နဲ့ စောင့်နိုင်တဲ့ ကလေးက နည်းနည်းပဲရှိပါသတဲ့။ အများစုက တော့ဖောက်စားလိုက်ကြတယ်လို့ ပြောပါတယ်။ သကြားလုံးတစ်လုံးထပ်ရအောင်လို့စိတ်ရှည် လက်ရှည်နဲ့ မဖောက်စားပဲ နဲ့ စောင့်စားနိုင်တဲ့ ကလေးတွေကို ဆက်ပြီးတော့ လေ့လာတဲ့ အခါမှာတော့ အဲဒီ့ကလေးတွေ ဟာ ဘ၀မှာ စီးပွာရေး၊လူမှုရေး၊ပညာရေး စတာတွေမှာ တစ်ခြားသူတွေထက် ပိုပြီးတော့ ထူးချွန်ကြတယ်လို့ ဆိုပါတယ်။
          ကိုယ့်အလှည့်မရောက်ခင် မှာ စနစ်တကျနဲ့ တန်းစီရတဲ့ အလေ့ကစလို့လူ့ဘ၀ရဲ့ အဆိုးအကောင်း တွေကို စိတ်ရှည်ရှည်နဲ့ စောင့်စားကျော်ဖြတ်ရတာတွေအထိ စိတ်ရှည်စွာ စောင့်စားရခြင်း ဆိုတဲ့ အရာဟာ အင်မတန်မှ အရေးပါလှပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ စိတ်ရှည်ရတာ၊စောင့်စား၇တာတွေကို ချန်ပစ်ခဲ့လို့မရပါဘူး။ကျွန်မတို့ အနေနဲ့ ကျွန်မတို့ရဲ့ကလေးတွေကို သင်ကြားပေးတဲ့အခါမှာ..စာတစ်ခုထဲ တော်အောင်ပဲ သင်လို့မရပါဘူး။ လူ့လောကထဲမှာ နေတတ်ထိုင်တတ်၊ ၀င်ဆန့်တတ်အောင် ၊ ဘ၀မှာပျော်ရွှင်စွာ နေတတ်အောင်လို့ ငယ်စဉ်ကတည်းက အလေ့ကျင့်ကောင်းလေးတွေကို ပျိုးထောင်ပေး ဖို့ လိုပါတယ်။ စောင့်ရတာချင်းအတူတူ ပျော်ပျော်ပါးပါးစောင့်စားတတ်တဲ့ အလေ့လေးရဖို့ ၊ ကိုယ်ပြောင်းလဲ ပြုပြင် ပစ်လို့ မရတဲ့ အခြေနေတစ်ခုမှာ..အဆိုးထဲက နေအကောင်းကို ရှာတတ်ဖို့ ဆိုတဲ့ အလေ့အထလေး ကို အကျင့်ကလေးဖြစ်လာအောင်လို့ လုပ်ပေးနိုင်ခဲ့မယ်ဆိုရင်  လူ့ဘ၀ထဲကို လူကြီးလေးတွေ အဖြစ်နဲ့ဝင်ကြရတဲ့အခါ မိသားစု၊ ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုကိုယ် ဒုက္ခမပေး တတ်တဲ့ လူကြီးလေးတွေ အဖြစ်ကျွန်မတို့ ရဲ့ ကလေးတွေကြီးပြင်းလာကြပါလိမ့်မယ်။


ခေတ်ဘုန်းသစ်
         

အိမ်


      လူ့လောကမှာ လူတွေအတွက် စိတ်အ၀င်စား စရာအကောင်းဆုံးနဲ့ အပန်းဖြေ နိုင်ဆုံး နေရာဟာ အိမ်ပါ။ ဘယ်နေရာတွေ က ဘယ်လောက်ပဲ အပန်းပြေနိုင်ပါတယ်။ရှူခင်းရှူကွက် တွေသာယာပါတယ် လို့ ဆိုပေမယ့် အိမ်လောက် ဘယ်နေရာမှ အပန်းမပြေနိုင်ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးလူလူ အပန်းဖြေနိုင်ကြတယ်။ အကျီင်္တပတ်နွမ်းလေးကို ၀တ်လို့ သနပ်ခါးရေကြဲလေး လူးလို့၊နှီးချောဖျာလေးခင်းပြီးတော့ စာဖတ်တာ၊ သီချင်းနားထောင်တာတွေကို လုပ်နိုင်ကြတယ်။ အိမ်ထဲမှာ..သံခင်းတမန်ခင်း အပြုံးတွေ မလိုသလို၊ ဟန်ဆောင် မျက်နှာဖုံးတွေလည်း မလိုတာမို့ကိုယ့်ဖာသာကိုယ်  ဟင်းချက်ချင်သူက ချက်၊စာဖတ်ချင်သူက ဖတ်၊ ပန်းပင်လေးတွေကို ထိုးဆွချင်သူက ဆွလို့..ကိုယ်နေချင်သလို လွတ်လပ်စွာ အိမ်ထဲမှာ နေလို့ရပါတယ်။ အရုပ်ကလေးတွေ နဲ့ကစားနေတဲ့ ကလေး က ကစားလို့ပေါ့။ လွတ်လပ်စွာ ကိုယ်လုပ်ချင်ရာကို လွတ်လွတ်လပ်လပ်လုပ်လို့။ တကယ့်ကို ပျော်စရာ သုခကမ္ဘာလေးပါပဲ။  ပျော်စရာ သုခ ကမ္ဘာ အိမ်လေးထဲက ပျော်စရာတွေကို ကျွန်မတို့ဟာ အိမ်ထဲကနေ လွင့်စင်ထွက်ပြေးသွား အောင် လုပ်လိုက်မိ တဲ့ အခါမှာတော့ အိမ်ဟာ နေစရာမကောင်းတော့တဲ့ နေရာတစ်ခု ဖြစ်လာပါတော့တယ်။
          အလုပ်ထွက်လုပ်နေရသူ မေမေတို့ဟာ မောမောပန်းပန်းနဲ့ အိမ်ကို ပြန်လာတိုင်း အပြင်လောက မှာ ဟန်ဆောင်ပြုံးရယ်နေခဲ့ရတာတွေ၊ပင်ပန်းခဲ့ရသမျှတွေကို မကြေနပ်မှုတွေ၊ဒေါသတွေ အဖြစ်နဲ့   ကိုယ့်ကို အသီးခံနိုင်ဆုံးဖြစ်တဲ့ အိမ်သားတွေဆီမှာ ဖေါက်ခွဲကြပါတော့တယ်။ အဲလိုပါပဲ တအိမ်လုံးရဲ့စီးပွားရေးကို ထိန်းချုပ်ထားရသူ ဖခင်တို့ကလည်း အလုပ်ထဲက မပြေလည်မှုပြသနာတွေကို အိမ်ကို ဒေါသအထုတ်အပိုးတွေ အဖြစ်နဲ့ သယ်လာခဲ့ပါတော့တယ်။  အလုပ်မလုပ်သူ မေမေတို့ကရော။ သူတို့ ခမြာမှာလည်း တစ်နေကုန် မနားရအောင် လုပ်နေရတဲ့ အိမ်ရဲ့ဝေယျာဝစ္စတွေနဲ့ ငြီးငွေ့ပင်ပန်းမှုမှန်သမျှကို ထွက်ပေါက်အနေနဲ့ အိမ်သားတွေအပေါ်မှာ ဗြစ်တောက်ဗြစ်တောက် ဆူပူအော်ဟစ်ကြပါရော။ တကယ်တော့  အိမ်ဆိုတာဟာ ကိုယ့်ရဲ့မပြေလည်မှု၊ဒေါသ၊လိုချင်တပ်မက်မှု၊လိုအပ်မှုချဉ်ခြင်းတွေကို လွတ်လပ်လုံခြုံစွာ ဖေါက်ခွဲပစ်ရမယ့်နေရာမဟုတ်ပါဘူး။ အိမ်ဆိုတာ ဟာ တစ်နေ့တာပင်ပန်းလာသမျှကို  စိတ်ပြေလျှော့ချပြီး တော့ နွေးထွေးစွာအနားယူရမယ့် နေရာပါ။
          နွေးထွေးစွာ အနားယူရမယ့် အိမ်လေးဟာ ကိုယ်တစ်ယောက်ထဲအတွက်မဟုတ်ဘဲ အိမ်မှာ နေသူ အိမ်သားအားလုံးနဲ့ပါ ဆိုင်တာကို သိထားရပါမယ်။ ကိုယ်က သီချင်းနဲ့ အနားယူရတာ အပန်းပြေတိုင်း တစ်အိမ်လုံး နားငြီးအောင်လို့ သီချင်းအကျယ်ကြီးမဖွင့်ထားရပါဘူး။ ကိုယ့်ရဲ့ အနားယူအပန်းဖြေမှုဟာ ကိုယ်ရဲ့ ကလေး တစ်နှစ်သားအပါအ၀င် အားလုံးကို စိတ်အနှောက်ယှက် မဖြစ်စေနိုင်မယ့် နည်းမျိုး ဖြစ်ဖို့လည်း လိုပါသေးတယ်။
          ပျော်စရာကောင်းတဲ့အိမ်လေး တစ်အိမ်ဖြစ်ဖို့အတွက် အိမ်ကြီးဟာ ခမ်းနားကြီးကျယ်နေစရာမလိုပါဘူး ။ ပန်းခြံလှလှရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ သိပ်အရေးမကြီးလှပါဘူး။ အဲလိုပဲ အိမ်ထဲမှာ အဖိုးတန်ပစ္စည်းတွေ ရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ အိမ်အစုတ်ကလေး ထဲမှာပဲ ပျော်စရာတွေကို ဖန်တီးယူလို့ရပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ကလေးထဲမှာ ကြီးပြင်းခွင့်ရတဲ့ ကလေးများဟာ လူ့လောကကို ပိုပြီးတော့ချစ်တတ်၊ခင်တတ်၊တွယ်တာတတ်ကြပါတယ်။
          ကျွန်မတို့တစ်တွေဟာ အိမ်ကလေးကို လှလှပပ ဖန်တီးချင်တတ်ကြပါတယ်။ ငွေကြေးသုံးနိုင်၇င် သုံးနိုင်သလောက် အလှပပစ္စည်းလေးတွေ၊ အဖိုးတန်တွေကို အိမ်လေးထဲမှာ ထည့်သွင်းချိတ်ဆွဲလာ ကြပါတယ်။ ကိုယ့်အိမ်ကလေး အမြဲတမ်းတောက်ပ ခမ်းနားနေစေဖို့ အားထုတ်ကြပါတယ်။ အဲလို နဲ့ အိမ်ဟာ အဖိုးတန် ပစ္စည်းတွေ ပြသ၇ာ ပြခန်းတစ်ခန်းနဲ့ တူတူလာတော့တာပါပဲ။ အိမ်ထဲမှာ ရှိနေတဲ့ ကလေးတွေဟာ အဖိုးတန်လိုက်ကာ ကြီးကို လက်ပေနဲ့ ကိုင်မိလို့ အဆူခံကြရသလို၊ ကော်ဇော်ကြီးပေါ်ကို ခြေထောက်ပေကြီး တွေနဲ့ မတတ်မိဖို့ အမြဲတမ်းသတိကြီးကြီးထားနေ၇တော့တယ်။ ပြီးတော့ ပြေးရင်းလွှားရင်းနဲ့ အဖိုးတန် ပန်းအိုးကြီးကို လက်နဲ့ မတိုက်မိဖို့လည်း သတိထားရသေးရဲ့။ ကိုယ့်ရဲ့ အိမ်လေးကို အမြဲတမ်း သန့်ရှင်း တောက်ပြောင်နေဖို့ အားထုတ်နေရသူ အိမ်ရှင်မ(ကလေးတို့မေမေ) ခမြာမှာလည်း ပင်ပန်းမှုတွေနဲ့ စိတ်တွေ ဖိစီးလေးလံလို့။အိမ်ဆိုတာ သန့်ရှင်းဖို့ လိုတာမှန်ပေမယ့် သိပ်ကို သေသပ်သပ်ရပ်နေဖို့ မလိုလှပါဘူး။
          အိမ်ဆိုတာဟာ အိမ်သားအားလုံး သက်သောင့်သက်သာနဲ့ အနားယူနိုင်ဖို့ က အဓိကပါ။ အိမ်သားဆိုတဲ့ နေရာမှာ ကလေးတွေလည်း ပါပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်လေးထဲမှာ စာအုပ်တွေရှိတယ်။ သီချင်းတွေလည်းရှိတယ်။ ကလေးကစားချင်ရာဆွဲပြီးတော့ ကစားနိုင်အောင်ထားပေးထား တဲ့ အရုပ်စင်လေးလဲရှိတယ်။ ပျော်စရာကောင်းတဲ့ အိမ်လေးထဲမှာ..အိမ်အလုပ်ဆိုတာ အိမ်ရှင်မ အမေ တစ်ယောက်ထဲ သိမ်းကြုံးလုပ်ရမယ့် အလုပ်မဟုတ်ဘူး ဆိုတာကို အိမ်သားအားလုံးက နားလည်ကြပါတယ်။ အဖေက အမေ့ကို ပန်းကန်ကူဆေးပေးသလို၊ သမီးကလည်း တံမျက်စည်းကူလှဲပေးလို့။ တစ်အိမ်သားလုံး အိမ်အလုပ်ကို တတ်ညီလက်ညီနဲ့ ပျော်ပျော်ပါးပါးလုပ်ကြပါတယ်။
          ပျော်စရာကောင်းတဲ့အိမ်လေးထဲမှာ စိတ်ညစ်စရာ၊၀မ်းနည်းစရာတို့ မရှိရဘူးလို့ မဆိုလိုပါဘူး။ စိတ်ညစ်စရာဝမ်းနည်းစရာတွေ ကြုံလာကြတဲ့အခါမှာလည်း အတူတူဖြေ၇ှင်းပြီးတော့ ကျော်ဖြတ်ကြပါတယ်။ မိသားစုဝင်အားလုံး အတူတူ ထမင်းစုစားကြ၊ စကားစမည်ပြောကြနဲ့ နေတတ်ကြပါတယ်။  စိတ်ပျက်စရာ တစ်ခုခု နဲ့ကြုံတွေ့ရင်တောင်မှ ပျော်စရာ၊ရယ်စရာ ရှုထောင့်ကနေကြည့်ပြီးတော့ ကြံဖန်ရယ်မောတတ်ကြ တယ်။ ပျော်စရာကောင်းတဲ့အိမ်လေး ထဲက မိသားစုဝင်တို့ဟာ တစ်ဦးရဲ့စိတ်ဝင်စားမှုကို တစ်ဦးက အလေးထား လေးစားတတ်ကြပါတယ်။ သူ့ရဲ့စိတ်ဝင်စားမှုဟာ ကိုယ်နဲ့ မတူပေမယ့်လို့ အပြစ်မပြောကြ ပါဘူး။
          ပျော်စရာကောင်းတဲ့ မိသားစုဝင်ထဲက အဖေတို့အမေတို့အတွက် ဆယ်ကျော်သက်ရွယ်သမီး ဟစ်ဟော့ သီချင်းနားထောင်တာ၊ သားဆံပင် ကို ဂျယ်နဲ့ ထောင်ထားတာတွေဟာ ပြသနာမဟုတ်ပါဘူး။ အဲလိုပဲ အဖေဖြစ်သူလုံးဝ ၀ါသနာမပါလှတဲ့ ဗေဒင်မေးယတြာခြေတာတွေကို အမေဖြစ်သူက လုပ်နေတာတွေ ဟာလည်း အငြင်းပွားစရာ ကိစ္စမဟုတ်ကြပါဘူး။ ကိုယ့်အလုပ်နဲ့ကိုယ် ၊ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် နေကြတယ်လို့ ဆိုပေမယ့် မိသားစုအရေးကိစ္စမှာ တော့ အားလုံးတတ်ညီလက်ညီ ရှိတတ်ကြပါတယ်။ သားလေးရဲ့ ပညာရေးတိုးတတ်မှုအခြေနေဟာ အမေတစ်ယောက်ထဲ ကိစ္စမဟုတ်မှန်း အဖေက နားလည်ပါတယ်။
          ပျော်စရာကောင်းတဲ့ အိမ်လေးထဲက မိသားစုဝင်တွေဟာ တစ်ယောက်ကို တစ်ယောက်နားလည် ညှာတာတတ်ကြတယ်။ အမှားတစ်စုံတစ်ရာဖြစ်လာရင်လည်း တစ်ယောက်နဲ့ တစ်ယောက်အပြစ်မပုံချတတ်ကြ ဘူး။  တကယ်တော့ ပျော်စရာကောင်းတဲ့ အိမ်လေးကို ကျွန်မတို့ကိုယ်တိုင် ဖန်တီးတည်ဆောက်ယူလို့ ရပါတယ်။ ပျော်စရာကောင်းတဲ့အိမ်လေးမှာ လွတ်လပ်လုံခြုံစွာ ကြီးပြင်းခွင့်ရလာတဲ့ ကလေးတစ်ယောက် အဖို့ လူ့လောကပတ်ဝန်းကျင် နဲ့ ကိုယ့်ကိုကိုယ် ကို အကောင်းမြင်စိတ် ၊ချစ်စိတ်တို့ ပိုပြီးဖွံ့ဖြိုးလာနိုင်ပါတယ်။ လောက ကို ရှူမြင်သုံးသပ်တဲ့ အခါမှာ အကောင်းဘက်ကနေမြင်တတ်ဖို့ ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။
          ကျွန်မ ဟိုတစ်လောက ပါမောက္ခတစ်ယောက်နဲ့တွေ့တဲ့အခါမှာ သူနဲ့အတူ အရှေ့တိုင်း နဲ့ အနောက်တိုင်းက ကျောင်းသားတွေရဲ့ ကွာခြားချက်ကို ဆွေးနွေးဖြစ်ကြပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက ကျောင်းသားတွေဟာ ကိုယ့်မှာ ဘာအားနည်းချက်တွေရှိနေသလဲ ဆိုတာကို ကိုယ့်ဖာသာပြန်ကြည့်တဲ့ အခါမျိုး မှာကိုယ့်ရဲ့ အားနည်းချက်တွေကို ကောင်းကောင်းမြင်တတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ကောင်းကွက် တော်ကွက် စတဲ့ အားသာချက်တွေကို ကြည့်တဲ့ အခါမျိုးမှာတော့ ကိုယ့်ဖာသာ ဘာတွေတော်တယ် ဆိုတာ ကို ထုတ်ပြောဖို့ မရဲကြဘူး လို့ ဆိုပါတယ်။ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အရာပါ။ ဒါဟာ ကျွန်မတို့ရဲ့ အရှေ့တိုင်း ဘက် က မိဘတွေက ကလေးရဲ့ ချို့ယွင်းချက်အားနည်းချက်တွေကို ငယ်ငယ်ကတည်းက ထုတ်ပြောပြပြီး တော့ ဆူတတ်ပူတတ်တာကြောင့်များ လားလို့ ကျွန်မတွေးမိပါတယ်။ လူ့လောက မှာ နေရတာ ပျော်ဖို့ အတွက်  လူ့လောက နဲ့ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်ဖို့က သိပ်ကိုအရေးကြီး ပါတယ်။
ကိုယ့်ရဲ့ အိမ်လေးထဲမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဘာမှမရှိပေမယ့် လည်း တစ်ယောက်နဲ့ တစ်ယောက် ကောင်းတာလေးတွေ၊တော်တာလေးတွေကို ပဲမြင်ကြည့်ကြမယ်၊ ဘယ်လောက်ပဲ စိတ်ညစ်စရာ တွေ တွေ့တွေ့ရယ်မောနိုင်အောင်လို့ ကြိုးစားကြမယ်ဆိုရင်..အဲဒီ့အိမ်လေးထဲက နေ ကြီးပြင်းလာရမယ့် ကလေးများအတွက် လူ့လောက ဆိုတာ ပျော်စ၇ာ၊ လူတွေဆိုတာ ချစ်စရာလို့ ထင်လာကြမှာပါပဲ..။ လူ့လောက ကို ချစ်ခင်တွယ်တာစိတ်ထားဖို့ ဆိုတာ တကယ်တော့သိပ်ကိုမှအရေးကြီးတဲ့ အရာပါ။ လူ့လောက ကို ချစ်ခင်တွယ်တာတတ်၊ လူတွေကို ချစ်တတ်တဲ့လူဟာ လူ့အသိုင်းဝိုင်းကို ဘယ်တော့ မှ ဒုက္ခ မပေးပါဘူး။ သမိုင်းမှာ..လူတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့သူများရဲ့ ငယ်ဘ၀ကို ပြန်လေ့လာကြည့်မယ်ဆို ရင် ငရဲနဲ့တူတဲ့အိမ်တွေထဲက ကြီးပြင်းလာကြရတဲ့ သူတွေချည်းပါပဲ။ ကျွန်မတို့ရဲ့ လူ့အသိုင်းဝိုင်းကြီး တစ်ခုလုံး အတွက် အိမ်တွေဟာ သိပ်ကိုမှ အရေးပါလှပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်လေးတွေ များပါမှ ပျော်စရာကောင်းတဲ့ မြို့ရွာ၊နိုင်ငံ၊ ပျော်စရာကောင်းတဲ့ ကမ္ဘာဖြစ်လာမှာပါ။
ပျော်စရာကောင်းတဲ့အိမ်လေးတွေ ဆောက်ဖို့ ဆိုတာ သိပ်မခက်လှပါဘူး။ ကျွန်မတို့ရဲ့ နှလုံးသားတွေ ထဲမှာ ပျော်စရာက ခိုအောင်းနေပါတယ်။ သူ့ကို လွတ်လပ်စွာကြီးထွားခွင့်ပေးဖို့ သာပါပဲ။ ဆူသံပူသံ၊ မကြေမနပ် မြည်တမ်း ညည်းတွားသံတွေအစား လွတ်လပ်စွာ ဆော့ကစားနေတဲ့ ကလေးတို့ရဲ့ ရယ်သံ တွေကို သာ ကျွန်မတို့ အိမ်လေးထဲမှာ ထည့်သွင်းထားနိုင်ခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ အနာဂါတ်ကမ္ဘာဟာ ဒီ့ထက်ပိုပြီး တော့ သာယာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။


ခေတ်ဘုန်းသစ်
Ref: Wonderful ways to be a family by Judy Ford

အနိုင်ကျင့်တတ်တဲ့ကလေး နဲ့ အနိုင်ကျင့်ခံရတဲ့ ကလေးတွေ


ကျွန်မ သားကလေး ကျောင်းတတ်ရတော့မယ်။ သားကျောင်းတတ်ရတော့မယ် ဆို တာနဲ့ တပြိုင်နက် ထဲ ကျွန်မရင်ထဲမှာ သားနဲ့ပတ်သတ်တဲ့ စိုးရိမ်စိတ်ကလေး တစ်ခု က မိခင်ပီပီ ၀င်လာရပါတော့တယ်။ သား ကျောင်းမှာ အနိုင်ကျင့်တတ်တဲ့ ကလေးတွေနဲ့ တွေ့မှာကို စိုးရိမ်တဲ့ စိတ်ပေါ့။ အနိုင်ကျင့်တတ်တဲ့ ၊ စနောက် လှောင်ပြောင်တတ်တဲ့ ကလေး တွေနဲ့တွေ့ပြီးတော့ သားကလေး စိတ်ထဲမှာ ဒဏ်ရာရလာမှာကို  မိခင်ပီပီ ကျွန်မ စိုးရိမ်ရပါပြီ။
          အနိုင်ကျင့်တတ်တဲ့ ကလေးနဲ့ အနိုင်ကျင့်ခံရတဲ့ ကလေး ဆိုတာက ကျောင်းတိုင်းကျောင်းတိုင်း မှာ ၊ခေတ်တိုင်း ခေတ်တိုင်းမှာ..ရှိတတ်ကြပါတယ်။ သားလိုယောက်ျားလေးမပြောနဲ့ ကျွန်မတို့ မိန်းကလေး တွေထဲမှာတောင် အနိုင်ကျင့်တတ်တဲ့ ခပ်စွာစွာ ကောင်မလေးတွေ ရှိတတ်ကြတာပဲ။ ကျွန်မ ရဲ့ မုန့်ဗူးကို အမြဲတမ်း လုယူဖွင့်စားတတ် တဲ့သူငယ်တန်း တုန်းက ကောင်မလေး ကို ဆို အခု ကျွန်မ အသက်သုံးဆယ် ကျော် တဲ့ အရွယ်ကို ရောက်တဲ့အထိ သူ့ရဲ့ နာမည်က အစ မှတ်မိနေတုံးပဲ။ ငယ်ဘ၀မှာ အနိုင်ကျင့်ခံခဲ့ရတဲ့ ကလေးတို့ရဲ့ အနာဟာ သူ့ရဲ့ ဘ၀တစ်လျှောက်လုံးမှာပဲ စွဲစွဲမြဲမြဲ ပါသွားတတ်ပါတယ်။
          အနိုင်ကျင့်ခံရတယ် ဆိုတဲ့ နေရာမှာ ကိုယ့်ရဲ့ မုန့်ကိုလုစားခံရ တာ၊ အရုပ်တို့ ပစ္စည်းတို့အလုခံရတာ၊ ရိုက်နှက်ထိုးကန်ခံရတာတွေ အပြင် ကိုယ့်ကို နာမည်ပြောင်ပေးပြီးတော့ စနောက်လှောင်ပြောင်တာကို ခံရတာ မျိုးကလည်း စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတစ်ခုပါပဲ။ အုပ်စုဖွဲ့ပြီးတော့ မခေါ်တာ၊ အုပ်စုဖွဲ့ပြီးတော့ တစ်ယောက်ယောက်ကို ကြဉ်ထားတာမျိုးတွေဟာ လည်း စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုပါ။
          ကလေးတို့ ဘာကြောင့်အနိုင်ကျင့်ကြသလဲ..ဆိုတဲ့ ကိစ္စက စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ သူများထက် ခန္ဒာကိုယ် ပိုပြီးတော့ ထွားကြိုင်းတဲ့ကလေးမျိုးတွေဟာ ကိုယ့်ထက် ခန္ဒကိုယ်သေးတဲ့ ကလေးတွေကို အနိုင်ကျင့်တတ်ကြတယ် လို့ ယျေဘူယ အားဖြင့်ပြောလို့ရပါတယ်။ ဒါပေမယ့် အနိုင်ကျင့်တတ်တဲ့ ကလေး တို့ကို လေ့လာကြည့်မယ် ဆိုရင် အဲဒီ့ကလေးများစုဟာ သူတို့ကိုယ်တိုင် အိမ်မှာ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံကြရတဲ့ ကလေး တို့ဖြစ်နေတာကို တွေ့ကြရပါတယ်။
          ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်(တွန်းထိုး၊ကန်ကြောက်၊လုယူ) တဲ့ ကလေးမျိုးဟာ တကယ်တော့ သူတို့ ကိုယ်တိုင် အိမ်မှာ၊ သူတို့ရဲ့ပတ်ဝန်းကျင်မှာ လူကြီးတွေရဲ့ ထွန်းထိုး ကန်ကြောက် ရိုက်နှက်မှုကို ခံလာရတဲ့၊ အနိုင်ကျင့်ခံခဲ့ ရတဲ့ ကလေးမျိုးတွေ ဖြစ်ကြပါတယ်။ အဲလိုပဲ သူများကို မခံချင်အောင် စနောက် လှောင်ပြောင်ပြီးတော့ စတတ်တဲ့ ကလေးမျိုး၊ နာမည်ပြောင်တွေ ပေးတတ်တဲ့ ကလေးမျိုးတွေဟာ လည်း အိမ်မှာ သူ့အနားဝန်းကျင်မှာ သူတို့ကို အဲလိုပဲစနောက်လှောင်ပြောင်လုပ်ထားဘူးတဲ့ သူတွေရှိနေလို့ပါပဲ။ ကလေးဆိုတာဟာ ရေမြုပ်နဲ့တူတယ် လို့ ကလေးစိတ်ပညာစာအုပ်တစ်အုပ်မှာ ကျွန်မဖတ်ထားဘူးပါတယ်။  ကလေး တို့ဟာ သူထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင် က သူ့ကို ပြုမူလိုက်တဲ့ အရာအားလုံးကို ရေမြုပ်လိုပဲ အကုန်စုပ်ယူ တတ်တယ်လို့ ဆိုပါတယ်။
         
          ဗိုကျတတ်၊ အနိုင်ကျင့်တတ်တဲ့ သူများကို မခံချင်အောင်စနောက်တတ်တဲ့ ကလေးမျိုးဟာ လူမုန်းများ တတ် ပါတယ်။ တဖြေးဖြေးနဲ့ သူ့နဲ့ကစားချင်၊ ဆော့ချင်တဲ့ ကလေးတို့လည်း နည်းနည်းလာတတ်ပါတယ်။ သူနဲ့ကစားချင်တဲ့ ကလေးတို့ နည်းလာတာမို့ သူဟာ ကလေး အသိုင်းဝိုင်းထဲမှာပဲ တစ်ယောက်ထဲ အထီးကျန် ဆန်ဆန်ဖြစ်နေတတ်ပါတယ်။ ကလေးဆိုတော့ ကိုယ်က ဗိုလ်ကျအနိုင်ကျင့် လို့ကစားချင်မယ့် သူတွေ မရှိတာပါလား ဆိုတာကို နားမလည်နိုင်သေးပါဘူး။ နားမလည်နိုင်သေးတာမို့ ပိုပြီတော့ ဆိုးတတ်လာပါတယ်။
          အဲဒီ့နေရာမှာ အရေးကြီးတာက အနိုင်ကျင့်တတ်တဲ့ကလေးနဲ့ နီးစပ်သူ ဆရာမနဲ့ မိဘများပါပဲ။ အနိုင်ကျင့်တတ်တဲ့ကလေးကို ဒဏ်ပေးတာ၊ဆူပူတာတွေလုပ်မယ့်အစား ကလေးနားလည်အောင်လို့ ပြောပြပေးရပါမယ်။သူ့ရင်ထဲက အနိုင်ကျင့်တတ်တဲ့စိတ်ကလေး ပျောက်အောင်လို့ သူ့ကို ဖေးဖေးမမ ဆက်ဆံပေးဖို့လည်းလိုပါတယ်။
          ကလေးအချင်းချင်း စနောက်လှောင်ပြောင်တယ်ဆိုတာဟာ တကယ်တော့ ကလေးတို့ အချင်းချင်း ရယ်စရာအနေနဲ့ ဟာသလုပ်ကြတာ ဖြစ်တယ်လို့ ဆိုပေမယ့် တစ်ခါတလေတော့လည်း ဆရာမက မျက်နှာသာပေးတဲ့သူမျိုး၊စာတော်နေသူမျိုး ဖြစ်နေတာမို့ မနာလိုစိတ်၊မခံချင်စိတ်ကလေးတွေနဲ့ ရန်စလှောင်ပြောင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဗိုကျအနိုင်ကျင့်တတ်တဲ့ ကလေးတို့ကို ဗိုလ်မကျအောင်၊ အနိုင်မကျင့်အောင်လို့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကွက်လပ်တွေကို လေ့လာပြီးတော့ ကလေးနဲ့ နီးစပ်တဲ့ ဆရာဆရာမ၊မိဘတို့က ဖြည့်ဆည်းပေးရပါမယ်။
          အဲလိုပဲ အနိုင်ကျင့်ခံရ၊ ဗိုလ်ကျခံရတဲ့ ကလေးအများစုဟာ လည်း တစ်ခုခု မှာ ချို့ယွင်းအားနည်း နေတဲ့သူတွေ ဖြစ်တတ်ကြပါတယ်။ သူများထက် ခန္ဒာကိုယ်က ပိုပြီးသေးကွေးနေတာမျိုးဖြစ်တတ်သလို၊ တအား ၀လွန်းတဲ့ကလေး၊ပိန်လွန်းတဲ့ကလေး၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်၊ချို့ယွင်းချက်ရှိတဲ့ ကလေး မျိုးတွေဟာလည်း အနိုင်ကျင့်ခံရတတ်ပါတယ်။
          ကျွန်မငယ်ငယ်တုံးကဆို ကျွန်မက သူများကလေးတွေထက် ပိုပြီးပိန်သေးတဲ့အပြင် စကားလည်းနည်း အေးလည်းအေးလွန်းပါတယ်။ ကျွန်မနံဘေးက ကျွန်မမုန့်ကို အမြဲတမ်းဗိုကျ အနိုင်ကျင့်ကာ ယူစားတတ်သူကတော့ ရွယ်တူကလေးတွေထဲမှာ အထွားဆုံးလို့ ဆိုရမယ့် တုတ်တုတ်ခဲခဲ နဲ့ ခပ်စွာစွာ ကောင်မလေးပါ။ ကျောင်းစတတ်မယ်ဆိုကတည်းက ကျွန်မရဲ့အမေဟာ ကျွန်မကို ကျောင်းမှာရန်မဖြစ်ဖို့ နဲ့ ရန်ဖြစ်လာရင် ဘာကြောင့်ပဲ ရန်ဖြစ်လာလာ အရိုက်ခံရမယ် လို့ ပြောခဲ့ပါတယ်။ ကျွန်မက တုတ်ခဲခဲ နဲ့ခပ်စွာစွာ ကောင်မလေးကို မကြောက်လှပေမယ့် သူနဲ့ရန်ပြိုင်ဖြစ်လို့ ကျွန်မအမေက ကျွန်မကို ရိုက်မှာတော့ ကြောက်တယ်။ ဒါနဲ့ပဲ အမေ့လည်း မတိုင်ရဲ ၊ ဆရာမလည်း မတိုင်ရဲဘဲနဲ့ ငုံ့ခံလာခဲ့ရတဲ့ အဖြစ်ဟာ အခုနေ ပြန်စဉ်းစားမိရင်တော့ စိတ်မကောင်းစရာ အဖြစ်ပါ။
          ကျွန်မတို့ အနားမှာ ကလေးအချင်းချင်း ရန်ဖြစ်ရင် ဘာမှမမေးမစမ်းဘဲ နဲ့ ရန်ဖြစ်တဲ့သူနှစ်ယောက် လုံးကိုမှတ်အောင်ဆိုပြီးတော့ ရိုက်နှက်တတ်တဲ့ ဆရာ၊ဆရာမတွေ၊မိဘတွေ အများကြီးရှိနေပါသေးတယ။် ဒါဟာ မတရားမှုကို ငုံ့ခံတတ်အောင်နဲ့ လုပ်တတ်သွားအောင် လို့ ကလေးတို့ရင်ထဲကို ပျိုးထောင် ပေးလိုက်တာနဲ့ တူနေပါတယ်။
          အနိုင်ကျင့်ခံရတဲ့ ကလေးဆိုတာဟာလည်း ခုနက အနိုင်ကျင့်တတ်တဲ့ကလေးလို ပဲ…သူ့မှာလည်း စိတ်ပိုင်းဆိုင်ရာ ၊ရုပ်ပိုင်းဆိုင်ရာအားနည်း ချက်တွေရှိနေတတ်ပါတယ်။ ဘယ်မိဘပဲဖြစ်ဖြစ် ကိုယ့်ကလေးကို ကျောင်းမှာ အနိုင်ကျင့်မခံစေချင်ပါဘူး။ ကလေး အနိုင်ကျင့်မခံရဖို့ အတွက် မိဘတို့အနေနဲ့ လုပ်ပေးရမယ့် အရာတစ်ခုကတော့ ကလေးက ကိုယ့်ကို ဘာမဆို လွတ်လပ်ပွင့်လင်းစွာ ပြောရဲဖို့ လုပ်ထားရပါမယ်။ ကျောင်းမှာ ဘာဖြစ်လာလာ ကိုယ့်ကို ကလေးက ပြန်ပြောရဲ ရပါမယ်။ “ ငါပြောလိုက်လို့ ငါ့အမေများ ငါ့ကို ဆူလေမလား” ရယ်လို့ ကလေးမတွေးမိအောင်လို့ မိဘတို့ အနေနဲ့ ကလေးနဲ့ အတူ ပျော်ရွှင်ပွင့်လင်းစွာ နေပေးဖို့လိုပါတယ်။
          ကလေးက ကိုယ့်ကို အနိုင်ကျင့်ခံရတဲ့ အကြောင်းလာပြောပြီ ဆိုပါစို့။ အဲလိုလာပြောတဲ့အခါမှာ“ သမီးမခံနဲ့ ပြန်ချပစ်၊ပြန်ပြောပစ်” ဆိုတာမျိုးတွေ ကလေးကို မသင်ပေးရပါဘူး။ကိုယ့်ရဲ့ကလေးဟာ အနိုင်ကျင့် မခံရတဲ့ ကလေးဖြစ်ဖို့ပါ။ လက်ယဉ်ပြီးတော့ စွာတာတာ ကလေးလေး ဖြစ်ဖို့မဟုတ်ပါဘူး။ လက်ယဉ်တဲ့ စွာတဲ့ ကလေးအဖြစ် ကိုယ်က ကလေးကို ပျိုးထောင်မိခဲ့မယ် ဆိုရင်တော့ ကလေးမှာ သူ့ကို ချစ်မယ့်ခင်မယ့် သူငယ်ချင်းတို့ တဖြေးဖြေး နည်းလာပါလိမ့်မယ်။
          တကယ်လို့ ကလေးဟာ သူ့သူငယ်ချင်းရဲ့ တွန်းထိုးကန်ကြောက်တာ ၊ဆွဲကိုက်တာမျိုးတွေ အလုပ် ခံရတယ် ဆိုရင် လုပ်တဲ့ကလေးကို အသံခပ်ကျယ်ကျယ်မာမာနဲ့ “ နင်ငါ့ကို မလုပ်နဲ့နော်”လို့ အော်ပြောပြီး တော့ ဆရာမဆီကို ချက်ချင်းသွားတိုင်ခိုင်းပါ။
          အနိုင်ကျင့်ခံရတဲ့ ကလေး က အနိုင်ကျင့်တဲ့ကလေးရဲ့ မျက်လုံးကို သေသေချာချာစိုက်ကြည့်ပြီးတော့ နင်ငါ့ကို မလုပ်နဲ့နော်လို့ ခပ်မာမာ ပြောလိုက်မယ်ဆိုရင် လုပ်မယ့်ကလေးဟာ နောက်တွန့်သွားတတ်ပါတယ်။ အရေးကြီးတာက အနိုင်ကျင့်ခံရတဲ့ ကလေးရဲ့ ရင်ထဲက ကြောက်စိတ်ကို ဆွဲထုတ်ပေးဖို့က အဓိက ကျပါတယ်။  အနိုင်ကျင့်တတ်တဲ့ ကလေးမျိုးဟာ သူတို့ကိုကြောက်တဲ့ ပုံစံပြလေ ပိုအနိုင်ကျင့်ချင်လေပါပဲ။ မကြောက်ကြောင်းကို ပြနိုင်တဲ့ အခါမျိုးမှာတော့  သူတို့အနိုင်မကျင့်ရဲတော့ပါဘူး။ မကြောက်ကြောင်းကို ပြဖို့..အတွက် သူတို့ကို ပြန်ရိုက်၊ပြန်ပြီးတော့ဆွဲထိုးဖို့ မလိုပါဘူး။ အရေးကြီးတာက မျက်လုံးချင်းရဲဝံစွာဆုံပြီး တော့ သူတို့ကို မကြောက်ကြောင်းပြရဲဖို့ပဲလိုပါတယ်။
          ကလေးအသိုင်းဝိုင်းဆိုတာဟာ တကယ်တော့ လူ့အသိုင်းဝိုင်းလေးတစ်ခုပါပဲ။ အဲဒီ့ကလေး အသိုင်းဝိုင်းလေး ထဲမှာ အနိုင်ကျင့်တတ်၊ဗိုကျတတ်၊ညစ်တတ်တဲ့ ကလေးတွေ များလာခဲ့မယ် ဆိုရင် အနာဂါတ် လူ့အသိုင်းဝိုင်းကြီး တစ်ခုလုံးအတွက် မကောင်းသလို၊ အရာရာမှာကြောက်တတ်၊  ခေါင်းငုံခံတတ်၊ အနိုင်ကျင့်ခံတတ်တဲ့ ကလေးတို့များလာခဲ့မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ အနာဂါတ်လူ့အသိုင်းဝိုင်း အတွက်  အန္တရာယ်ကြီးလှပြန်ပါတယ်။ ဒါကြောင့်မို့လို့ မတရားမှု ၊အနိုင်ကျင့်မှု၊ မမှန်မှုတို့ကို တွန်းလှန်ရဲတဲ့ သတ္တိလေး ကလေးတို့ရဲ့ ရင်ထဲမှာ မွေးဖွား လာစေဖို့ အတွက် မိဘဆရာတို့က ကူညီလေ့ကျင့်ပေးဖို့လိုပါတယ်။ အဲလိုပဲ ကလေးတို့အနေနဲ့ မတရားတာကို မလုပ်မိစေဖို့၊ ကိုယ့်မှာတစုံတရာ တခြားသူများထက် ပိုပြီးတော့ အားကြီးတိုင်း တခြားသူကို အနိုင်ကျင့်မစော်ကားမိစေဖို့ နဲ့ လူတစ်ဖက်သားရဲ့ အားနည်းချက်များ အပေါ်မှာ ဟာသ လုပ်ကာ လှောင်ပြောင်သရော်တတ်တဲ့ စိတ်ကလေးတွေ မမွေးမိစေဖို့အတွက် ကလေးတို့ကို ငယ်ငယ်ကလေး ထဲက လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။
          စိတ်နေစိတ်ထား ရင့်ကျက် မြင့်မြတ် ဖို့ ဆိုတဲ့ ကိစ္စဟာ ညဏ်ရေညဏ်သွေး မြင့်မားမှုလိုပဲ လူ့လောက အတွက် အရေးကြီးတဲ့ အရာပါ။ကလေးတို့ ညဏ်ရေသွက်လက်ပြီး စိတ်နေစိတ်ထားတွေ ရင့်ကျက်မြင့်မြတ်လာပြီ ဆိုရင်တော့ အနာဂါတ် လူ့အသိုင်းဝိုင်းမှာ ကိုယ့်အနားဝန်းကျင်နဲ့ ကိုယ့်ကိုကိုယ်ဒုက္ခ မပေးတတ်တဲ့ သူတွေအဖြစ်မွေးဖွားလာမှာ အမှန်ပါပဲ။



ခေတ်ဘုန်းသစ်